ပျော်ပျော်နေဖို့ ဒါတွေရှောင်ကြစို့
ပျော်ရွှင်မှု ရချင်ရင် ဒီအလုပ် (၁၀) မျိုးလုပ်နေတာကို ခုချက်ချင်း ရပ်လိုက်ပါ။
အပြစ်တင်ခြင်း (Blaming)
လူတွေ အပြစ်လုပ်မိတာဟာ ပုံမှန်ပါပဲ။ ကိုယ့်ဝန်ထမ်းတွေကလည်း ကိုယ်မျှော်မှန်းထားသလောက် ထိထိရောက်ရောက် မလုပ်နိုင်တတ်ကြပါဘူး။ ကိုယ့်ကုမ္ဗဏီအတွက် မှာယူထားတဲ့ ပစ္စည်းတွေကလည်း အချိန်မီ ရောက်မလာ တတ်ကြပါဘူး။ တကယ်တော့ ဒါဟာ ကိုယ့်ရဲ့ ပြဿနာအတွက် တစ်ဖက်လူကို အပြစ်တင်သလို ဖြစ်နေတာပါပဲ။ ဖြစ်နိုင်တာတခုက ကိုယ်ဟာ ကိုယ့်ဝန်ထမ်းတွေကို လုံလောက်တဲ့ ထရိန်နင် မပေးခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ မှာယူထားတဲ့ပစ္စည်းတွေကိုလည်း အချိန်ပိုမပေးပဲ ကွက်တိမှာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်… ကိုယ်တောင်းဆိုမှုတွေက သိပ်များပီး အချိန်ကျတော့ နည်းနည်းလေး ပေးထားတာမျိုး ဖြစ်နိုင်ပါတယ်။
တခုခု လွဲချော်သွားတဲ့အခါ တခြားလူတွေကို အပစ်လိုက်မတင်နေပဲ ကိုယ်ကိုယ်တိုင် တာဝန်ယူလိုက်တာဟာ တကယ်တမ်းတော့ အင်မတန်ကောင်းတဲ့ အပြုအမူ တစ်ခုပါ။ အဲ့လို လုပ်ခြင်းအားဖြင့်… နောက်တစ်ခါ ဒီထပ်ကောင်းအောင် တည့်မတ်မှန်ကန်အောင် လုပ်ဖို့ ပိုကြိုးစားပါလိမ့်မယ်။ အဲ့လို ပိုကောင်းအောင် ပိုထိရောက်အောင် လုပ်နိုင်ခြင်းအားဖြင့်… ကိုယ်အတွက် ပျော်ရွှင်မှုကိုလည်း ရပါလိမ့်မယ်။ အဲ့တော့… အပစ်တင်တာကို လျှော့ပါ။
အထင်ကြီးအောင်လုပ်ခြင်း (Impressing)
ဘယ်သူမှ ကိုယ့်ရဲ့ အဝတ်အစားကြောင့်၊ ကိုယ်စီးတဲ့ ကားကြောင့်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကြောင့်၊ ကိုယ့်ရာထူးရာခံကြောင့် ဒါမှမဟုတ် ကိုယ့်ရဲ့ စွမ်းဆောင်မှုတွေကြောင့်… ဆိုပြီးတော့… ကိုယ့်ကို နှစ်သက်သဘောကျတယ် ဆိုတာ မရှိပါဘူး။ အဲ့တာတွေကို ကိုယ်ကိုယ်တိုင် မဟုတ်ပါဘူး။ တဆင့်ခံတွေပါ။ လူတွေက အဲ့အရာတွေကို အထင်ကြီးသဘောကျချင် ကျမယ်။ ဒါပေမယ့် အဲ့လို အထင်ကြီးသဘောကျတာ အဲ့အရာတွေကိုပါ။ ကိုယ့်ကို မဟုတ်ဘူး ဆိုတာ မှတ်ထားဖို့ လိုပါတယ်။ အပေါ်ယံ အထင်ကြီးမှုတွေက ခိုင်ခိုင်မာမာ မရှီပါဘူး။ အရာဝတ္ထုပေါ် အခြေခံတဲ့ ရင်းနှီးကျွမ်းဝင်မှုတွေကလည်း ရိုးသားဖြူစင်မှု မရှိတတ်ကြပါဘူး။
အမှန်တကယ် ဖြူစင်တဲ့ ရင်းနှီးကျွမ်းဝင်မှုကသာ ကိုယ့်ကိုယ် ပျော်ရွှင်စေမှာပါ။ အဲ့လို ရင်းနှီးကျွမ်းဝင်မှုမျိုးကို ရချင်ရင်တော့ လူတွေကို အထင်ကြီးအောင် လုပ်မိနေတာတွေကို ရပ်တန့်ပြီး မိမိရဲ့ နဂိုနေအတိုင်း နေဖို့ ကြိုးစားသင့်ပါတယ်။
မလှုပ်၊ မရှုပ်၊ မပြုတ် (Clinging)
လူဟာ စိတ်ပူပန်စရာ၊ စိုးရိမ်စရာ ရှိပြီး ဆိုရင် ကိုယ်သိတဲ့အဝန်းအဝိုင်းတခုကို ဖက်တွယ်ထားတတ်တဲ့ အကျင့်ရှိကြပါတယ်။ တခါတလေ အဲ့လို ဖက်တွယ်ထားမှုက ကိုယ့်အတွက် ကောင်းတဲ့အရာ မဟုတ်ဘူး ဆိုတာကို သိရင်တောင် ဂရုမစိုက်တတ်ကြပါဘူး။
ကိုယ်လိုအပ်တယ်ထင်တာကို ဖက်တွယ်ထားမှုက ကိုယ့်ကို ပျော်ရွှင်မှု မပေးနိုင်ပါဘူး။ ဒါပေမယ့်… အဲ့တာကို စွန့်လွှတ်ပြီး… ကိုယ်လိုချင်နေတဲ့အရာတခုကို ရယူနိုင်ဖို့ ကြိုးပမ်းတာကမှ ကိုယ့်ကို ပျော်ရွှင်မှု ပေးနိုင်တာပါ။ လိုချင်တာကို မရခဲ့ဘူး ဆိုရင်တောင် အဲ့လိုကြိုးစားမှု သပ်သပ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု ပေးစွမ်းပါလိမ့်မယ်။
စကား ဖြတ်ပြောခြင်း (Interruption)
အဲ့လို စကားဖြတ်ပြောတာဟာ အင်မတန်မှ ရိုင်းတဲ့ အပြုအမူပါ။ လူတစ်ယောက် စကားပြောနေတာကို ဖြတ်ပြောလိုက်တဲ့ သဘောက… “မင်းပြောတာကို နားလည်အောင် ငါ နားထောင်နေတာ မဟုတ်ဘူး။ ငါဘာပြောချင်တယ်ဆိုတာ ဆုံးဖြတ်ဖို့ နားထောင်နေတာ” ဆိုတဲ့ သဘောမျိုး ဖြစ်သွားပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ အတွေးအခေါ် မဟုတ်ပါဘူး။
လူတွေကိုယ့်ကို နှစ်သက်စေချင် ပါသလား? သူတို့ ပြောနေတာလေးတွေကို အရေးတယူ နားထောင်ပေးပါ။ အာရုံစိုက်ပြီး နားထောင်ပေးပါ။ သူတို့ ပြောတာနဲ့ ကိုယ်နားလည်တာ ကိုက်လား သေချာအောင် မေးခွန်းလေးတွေ ပြန်မေးပေးပါ။ သူတို့ မင်းကို သဘောကျပါလိမ့်မယ်။ လူတွေကိုယ့်ကို သဘောကျခံရတာဟာ ကောင်းတယ်လို့လဲ ကိုယ်တိုင် ခံစားလာရပါလိမ့်မယ်။
ငြီးတွားခြင်း (Whining)
ကိုယ့်စကားလုံးတွေဟာ (အထူးသဖြင့်) ကိုယ်ကိုယ်တိုင်အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ကိုယ့်ပြဿနာတွေအတွက် ငြီးတွားနေတာဟာ လူကို ငြီးငွေ့စေပါတယ်။ တခုခု ပြဿနာရှိနေပြီ ဆိုရင်၊ စောဒကတွေတက်ပြီး အချိန်ဖြုန်းမနေပါနဲ့။ အဲ့ဒီအစား… ပြဿနာပြေလည်အောင် ကြိုးစားပြီး အချိန်ကို အကျိုးရှိရှိ အသုံးချပါ။ တစ်သက်လုံး အဲ့အကြောင်း ထိုင်ငြီးမနေချင်ဘူး ဆိုတာ သေချာရင်.. ဒီပြဿနာဟာ တချိန်မဟုတ် မချိန်ဖြေရှင်းရမှာပါပဲ။ ဘာလို့ အချိန်ဆွဲနေမှာလဲ… ခုချက်ချင်းပဲ ဖြေရှင်းသင့်ပါတယ်။
မှားနေတဲ့ အကြောင်းအရာကို မပြောပါနဲ့။ မှန်အောင် ဘယ်လိုလုပ်မလဲဆိုတာ ကိုယ်ကိုယ်တိုင် သုံးသပ်ပါ။ သူငယ်ချင်းတွေနဲ့ ပြောဆို တိုင်ပင်ရင်လည်း အပြုသဘောဆောင်ပါစေ။ သူတို့ ငိုချင်းချတာကို နားထောင်ရုံသက်သက် မနေပါနဲ့။ သူငယ်ချင်း စစ်မှန်တယ်ဆိုရင် သူ့ ပြဿနာကို ကူရှင်းပေးပါ။ ဒါမှ သူငယ်ချင်း ပီသမှာပါ။
ထိန်းချုပ်ခြင်း (Controlling)
ကိုယ်ဟာ ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ၊ ဘယ်လောက်ပဲ ပိုင်ပိုင် တကယ့်တကယ်တမ်းတော့ ကိုယ်ထိန်းချုပ်နိုင်တာ ကိုယ်ကိုယ်တိုင်ကိုက လွဲလို့ တခြားမရှိပါဘူး။ ကိုယ့်အနေနဲ့ တခြားလူတွေကို ချုပ်ကိုင်ရတာခက်နေတယ်လို့ ခံစားနေရရင်… သေချာပါတယ်… ကိုယ်ရဲ့ရည်မှန်းချက်တွေ ကိုယ့်ရဲ့အိပ်မက်တွေက အဲ့လူတွေရဲ့ ရည်မှန်းချက်၊ အိပ်မက်တွေထက် ပိုပြီး အရေးကြီးတယ်လို့ သတ်မှတ်ထားလို့ပါ။
ထပ်ပြောစရာရှိတာက… ထိန်းချုပ်တယ် ဆိုကတည်းက ကိုယ်ဟာ အင်အားတို့ အကြောက်တရားတို့ လုပ်ပိုင်ခွင့်တို့လို သြဇာ သုံးပြီး လုပ်ရတဲ့ ကိစ္စမျိုးပါ။ ဘယ်ဟာပဲ သုံးသုံး၊ ကိုယ့်ကို စိတ်ချမ်းသာမှု မပေးနိုင်တာကတော့ အသေအချာပါ။ အကောင်းဆုံး အကြံဉာဏ်ကတော့ ကိုယ်နဲ့ စိတ်သဘောထား တိုက်ဆိုင်သူကို ရှာပါ။ ဒါမှသာ အလုပ်ကြိုးကြိုးစားစားနဲ့ ကိုယ်လည်း ပျော်ရွှင်မှုလည်း ရနိုင်မှာပါ။ အလုပ်သဘောအရရော၊ ပုဂ္ဂလိကသဘောပါ ပိုပြီး ဖြည့်ဆည်းပေးနိုင်တဲ့ ရင်းနှီးမှုမျိုးကို ရပါလိမ့်မယ်။
ဝေဖန်ခြင်း (Criticising)
ကိုယ့်ကိုယ်ကို ပိုပညာတတ်တယ်၊ ပိုအတွေ့အကြုံရှိတယ်လို့ လက်ခံထားတယ်ဆိုပါစို့။ ကိုယ်ဟာ အခက်အခဲ အကြီးကြီးတွေကို အောင်အောင်မြင်မြင် ကျော်လွှားဖြတ်သန်းပြီးပါပြီ။ ဒါပေမယ့် အဲ့တာလေးနဲ့တော့ ကိုယ်ဟာ ပိုထူးချွန်တယ်၊ ပိုသာတယ်၊ ပိုပြီး အမျှော်အမြင်ရှိတယ်လို့ မယူဆနိုင်ပါဘူး။ အဲ့ဒီအခက်အခဲတွေကို ကိုယ်ဘာကောင်လဲ ဆိုတာကို အဓိပ္ဗါယ် ဖွင့်ဆိုပါတယ်။ မှန်ပါတယ်။ ကိုယ်သာလျှင် မတထောင်၊ တကောင်ဖွား ဒါမျိုး ဖြတ်သန်း၊ ကျော်လွှား၊ အောင်မြင်ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းတော့ လူတိုင်းဟာ အဲ့လိုချည်းပါပဲ။ ကိုယ်ပိုင်အတွေ့အကြုံ ကိုယ်စီနဲ့ ကိုယ်အတွေးထဲမှာတော့ ကိုယ်ဟာ သခင်ချည်းပါပဲ။ လူတိုင်းဆိုတဲ့ နေရာမှာ ကိုယ့်လက်အောက်ငယ်သားပါ ပါတယ်ဆိုတာလေးလဲ သတိပြုစေချင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်ကတော့ ကွဲပြားနေမှာပဲ။ ပိုသာတယ်၊ ပိုဆိုးတယ် မရှိ။ ကွာခြားနေတယ်ရယ်လို့ပဲ ရှိပါတယ်။ လူတွေရဲ့ ချို့ယွင်းအားနည်းချက်တွေကို လိုက်ထောက်မယ့်အစား အဲ့လို မတူကွဲပြားမှုလေးတွေကို အသိအမှတ်ပြုပါ။ တန်ဖိုးထားပါ။ ကိုယ့်အတွက် နေ့သစ် တစ်ရက်လို ခံစားရပါလိမ့်မယ်။
ဆုံးမခြင်း (Preaching)
ဝေဖန်တာနဲ့ အမြဲတွဲပါတာ ဆုံးမတာ။ (ဆရာကြီး လုပ်တာပေါ့ဗျာ။) ဒီနှစ်ခုရဲ့ အရင်းအမြစ်ကတော့ လူတစ်ယောက်ကို အကဲဖြတ်သုံးသပ်တာ (Judging) က စတာပဲ။ အမြင့်ရောက်လေ၊ ပို စွမ်းဆောင်နိုင်လေ၊ ပိုစွမ်းဆောင်နိုင်လေ ငါသိ၊ငါတတ်လို့ ပိုခံစားရလေပဲ။ ခံစားရုံတင်မကဘူး လူတွေကို… ကိုယ်သိ၊ ကိုယ်တတ်တာတွေကို ပိုပြီးလည်း ပြောပြတတ်လေပဲ။
လူတွေကို အခြေခံအကြောင်းအရာ ထက် အဆုံးသတ်ရလဒ်အကြောင်း ကို ပိုပြောမိနေရင်၊ လူတွေရဲ့ စိတ်ထဲ ဘာမှရောက်မသွားတတ်ပါဘူး။ အဲ့ဒီလိုဖြစ်တာလောက် ဝမ်းနည်းစရာ ကောင်းတာလဲ မရှိပါဘူး။
အတွယ်အတွာ၊ အစွဲအလန်း (Dwelling)
အတိတ်မှာ သူ့တန်ဖိုးနဲ့ သူရှိပါတယ်။ အမှားတွေက သင်ခန်းစာယူနိုင်တဲ့ တန်ဖိုးမျိုးပေါ့။ ကိုယ်ပိုင်အမှားဖြစ်စေ၊ တခြားသူရဲ့အမှား ဖြစ်ပါစေ..။ သင်ခန်းစာယူပြီးရင်တော့ စွန့်လွှတ်လိုက်ဖို့ လိုပါတယ်။ ပြောတော့သာ လွယ်တာပါ။ တကယ် ကြုံတွေ့ဖြတ်သန်းရတဲ့ အခါကျရင် သင်ခန်းစာယူဖို့ အခွင့်အလမ်းတစ်ခုလို မြင်နိုင်ဖို့က ခဲယဉ်းလွန်းလှပါတယ်။ တခြား လူတစ်ယောက် အမှားတခု ကျူးလွန်မိပြီ ဆိုရင်တော့ အဲ့တာဟာ ကိုယ့်အတွက် အကြင်နာတရား၊ ဂရုဏာတရား၊ နဲ့ စာနာနားလည်နိုင်မှုတို့ကို ထုတ်ဖော်ပြသနိုင်တဲ့ အခွင့်အရေးတခုအနေနဲ့ မြင်နိုင်ပါစေ။
အတိတ်ရဲ့ အရိပ်မည်း လွှမ်းမိုးမှုကို မခံရပါစေနဲ့။ ဘယ်လို မှားယွင်းခဲ့သလဲ။ နောက်ကို ဘယ်လို ပြုပြင်ယူနိုင်မလဲ စဉ်းစားပါ။ သုံးသပ်ပါ။
အကြောက်တရား (Fearing)
ကျွန်တော်တို့အားလုံးမှာ အကြောက်တရား (အနည်းနဲ့အများ) ရှိတယ်။ တခုခုများ ဖြစ်သွားမလား (သို့) တခုခု ဖြစ်လာပါ့မလား ဆိုတဲ့ ကြောက်ရွံ့မှုတွေ၊ ကိုယ်ပြောင်းလဲနိုင်စွမ်း မရှိတဲ့ အရာ၊ ကိုယ်လုပ်ကိုင်နိုင်စွမ်း မရှိတဲ့ အရာတွေ၊ တခြားလူတွေ ကိုယ့်ကိုမြင်မယ့် အမြင်တွေ၊ အစုံပါပဲ။ အဲ့တော့ လူတွေဟာ လွယ်လွယ်ပဲ တွေဝေသွားတတ်ကြတယ်။ အသင့်တော်ဆုံး အချိန်ကို စောင့်ဆိုင်းကြတယ်။ လုပ်စရာရှိတာကို မလုပ်လိုက်ပဲ… နည်းနည်းလေး အချိန်ပိုယူ စဉ်းစားမယ်။ တခြား ဖြစ်နိုင်ချေတွေကို လျှောက်စဉ်းစားမယ်။ ဒါဟာ လူတွေမှာ တွေ့ရတတ်တဲ့ မဆုံးဖြတ်နိုင်မှုပါပဲ။ (Indecisive)
နေ့တွေ၊ လတွေ ဟာ အလျင်အမြန်ပဲ ဖြတ်သန်းသွားလိမ့်မယ်။ ကိုယ့်ရဲ့ အကြောက်တရားကြောင့် ကိုယ်အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်မရတာမျိုးတွေဖြစ်လာမယ်။ ကိုယ်မျှော်လင့်ထားတာတွေ၊ စိတ်ကူးယဉ်ထားတာတွေ၊ ကိုယ့်ရဲ့အကြံအစည်တွေ အကောင်အထည်ဖော်ဖို့ ပထမဆုံး ခြေလှမ်းကို ဒီနေ့ပဲ စလှမ်းပါ။ အကြောက်တရားကို ဘေးဖယ်ပြီး စစရာ ရှိတာ စလိုက်ပါ။ ဘာမဆို ဘယ်ဟာမဆို ဘယ်လိုမဆိုဆို တခုခု လုပ်ဖြစ်အောင် လုပ်ပါ။ မဟုတ်ရင် ဒီနေ့ဟာ အလဟဿ ကုန်ဆုံးသွားပါလိမ့်မယ်။
ကိုးကား − http://lifehacker.com/5991218/want-to-be-happier-stop-doing-these-10-things-right-now